ရှင်မဟာသီလဝံသ ၏ ဆုံးမစာ
ကာလရှည်လျား လူ့ငနွားတို့ ကြီးမားယုတ်မာ နတ်မိစ္ဆာတို့ ဘိုးလာ ဘွားဘက်၊ မြေးသားဆက်၍ မပျက်ခုတိုင် နတ်ခရိုင်နှင့် ပန်းခိုင်ရေအိုး ဆယ်ဖြာဖြိုး၍ မြတ်နိုးနှစ်သက် အနက်အနီ တလီခေါင်းပေါင်း တင်အုပ်ဆောင်းနှင့် အပေါင်းစုဝေး အမွေးအကြိုင် မုံ့စိုင်မုံ့ခဲ၊ ကြက်ဝက်လဲ၍ ဗုံနှဲခရာ တီးမှုတ်ခါနှင့် ချမ်းသာဆင်းရဲပေးစမြဲဟု စိတ်ထဲထင်မှတ်၊ ငနတ်တို့ကို မပြတ်ကိုးကွယ် အန္တရာယ်လဲ ကိုယ်ဝယ်လွတ်ကင်း မရှိလျဉ်း၏။ ဆောင်နှင်းမင်္ဂလာ လှူဒါပုည ပြုကာလလည်း မိဘရှေ့မှတ် ငနတ်တို့ကို ပေးအပ်အပ်လျှင် ပွဲလမ်းပြင်၍ အရှင်မှတ်မှတ် ကိုယ်တိုင်ကြပ်လျှက် မပြတ်ထင်ရှား မမေ့မှားဟု ဆုများရွယ်ရွယ် ရှက်စဖွယ်နှင့် ဘယ်ဝယ်တခါ ကိုယ်တိုင်လာ၍ ဥစ္စာထင်ရှား ဘယ်သူ့အားကို နတ်များပို့လာရှိဘူးပါအံ့။
မိစ္ဆာမောဟ အယူခွ၍ နတ်များသခင် နတ်ဘုရင်ဟု နတ်တွင်အကြီး ငါ့သမီးကို ဖမ်းဆီတပ်ငြား ငါ့မယားကို ဖမ်းစားတတ်ချေ ချမ်းသာစေဟု ကချေပွဲလမ်း အခမ်းအနား နတ်ထိန်းများနှင့် သောက်စားဟစ်အော် တကြော်ကြော်နှင့် မောင်တို့ရင်နှစ် နတ်သံပစ်၍ မူးရစ်မှိုင်းဝေ အထွေထွေလျှင် လူ့မြေရပ်ရွာ နတ်မိစ္ဆာကို ကယ်သာထင်မှတ် သဘောကပ်၍
နတ်လူဗြဟ္မာ သတ္တဝါတို့ ကံသာအရင်း ပြုဖန်ဆင်း၍ ယူလျင်အပ်စွာ ယခုမှာကား ချမ်းသာဆင်းရဲ နတ်ခပဲသည် ပေးမြဲတို့မှာ ထင်မှတ်ရာသည် မိစ္ဆာယူမိ ယူမှားတည်း။
မာယာလှည့်ဖြား လူ့ငနွားတို့ မယားထွေထွေ သံချေညှင်းညှင်း၊ နားချိုသွင်း၍ မောင်မင်းနဲ့ငါ ချစ်ကြပါညား တို့အကြားတွင် နှစ်ပါးမခို မကြည်ညိုအောင် တို့ကိုဖျက်ဆီး ရှင်နတ်ကြီးအား ခမ်းနှီးကော်ယော် အုန်းငှက်ပျောနှင့် မနောလင်ပန်း အခန်းခန်းနှင့် ပွဲလမ်းကျင်းပ ပူဇော်သလျှင် နှမလည်းချစ် မောင်လည်းချစ်၍ ငုတ်နစ်ကျွမ်းလောင် ပေါင်းရအောင်လျှင် လက်ဆောင်စကား ပြောပေညားသော် ချစ်အားကြီးစွာ ကိလေသာကို မြိန်စွာမက်မော တဏှာ ဇောလည်း ပြောပြောအင်ခြိုက် သူ့ငမိုက်က အကြိုက်နှင့်ကြုံ ကိုယ်လုံးထုံ၍ အယုံတရား ရှိပေ ငြားလည်း မယားယုတ်မာ နတ်မိစ္ဆာကို မေတ္တာချစ်ခင်ရှိသည်အင်နှင့် သူ့လင်အိမ်သွေး အထွေးထွေးဖြင့် ပယ်လေးဝဘောင် လိုက်၍မြှောင်သည်။
လက်ဆောင်အများ နတ်ကနားကို သစ်သားအသင့် စင်နိမ့်မြင့်နှင့် လိုသင့်လိုရာ ငွေသပြာကို များစွာထုတ်ပိုး ဆယ်စုံဖြိုးမှ တိုး၍ချစ်ပါ ဆုပန်ကာနှင့် ရတနာသုံးဦး မြတ်ကျေးဇူးကို မထူးစိတ်မှာ ရှင်းရှင်းခွာ၍ မောဟဂတိ ကိုယ်လုံးငြိလျက် မရှိတရား အမှားမှားနှင့်ဟူ၍ လည်းကောင်း။
ဏဏဏဏဏဏဏ
မာန်လည်ဆရာတော်ဘုရားကြီး၏ ဆုံးမစာ
မာန်လည်ဆရာတော်ဘုရားကြီးကလည်း ဤသို့ မြတ်ယုတ်မျိုးနွယ် ကြီးငယ်ဂုဏ်သိမ် စည်းစိမ်နည်းများ နာဖျားကင်းသူ သက်ဟူရှည်တို ရုပ်ကိုယ်ရူပ လှမလှက ဥာဏရှိမဲ့ လွန်ထင်မြဲ့သား တစ်ဆယ့်လေးဖြာ ဤခြင်းရာကား ဗြဟ္မာပိဿနိုး နတ်အမျိုးတို့ တန်ခိုးဖန်ဆင်း မဟူလျင်းတည်း။
ခပင်းသတ္တဝါ ကံဖြင့်သာလျှင် နာနာကာရ ဖြစ်ကုန်ကြ၏။ (အထက်ပါ ပုံနှင့်တကွ ဖော်ပြ ထားပါသော လက္ခဏာမျိုးကို နတ်ကတော်နှင့် နတ်ထိန်းတို့၌လည်းကောင်း၊ မိမ္မလျာတို့၌ လည်းကောင်း တွေ့ရတတ်သည်။ နတ်ကွန်းနတ်စင်တွင် လူသားကိုယ်တိုင်က ထုလုပ်၍ တင်ထားတဲ့ အရုပ်တို့၏ ရှေ့မှောက်တွင် လူသားကိုယ်တိုင် ဒူးထောက်၍ တင်မြှောက်နေမှုကား အတော်ပင် ထူးဆန်းတဲ့ လုပ်ငန်းတရပ်ဖြစ်လျက်နေချေပြီး၊ ထိုလုပ်ငန်းကား အပေးအယူဆိုသော အင်္ဂါပင် မပြည့်စုံလေသောကြောင့် လူသားအဖို့ အလှူဒါနပင် မမြောက် ဒါနတစ်ခု ဖြစ်မြောက်ရေး အတွက် အင်္ဂါရပ်သုံးပါးပြည့်စုံရန်လိုချေသည်။ (၁)ပေးသူ (၂)ပစ္စည်း (၃)ခံယူသူ လူသားက ထုလုပ်၍ နတ်ကွန်းတွင် တင်ထားအပ်သော ထိုရုပ်တုမှာ ခံယူနိုင်တဲ့ အစွမ်းသတ္တိဂုဏ်နှင့် ပြည့်စုံပါ၏လော။
ဏဏဏဏဏဏဏဏ
ဤစာအုပ်ပါ အကြောင်းအရာများသည် ယေဘူယျသက်သက်မျှသာဖြစ်၍ မရှင်းသည် များကို သေးစိတ်လာရောက်မေးမြန်းဆွေးနွေးနိုင်ပါသည်။
] အများနဲ့ အစားငဲ့ရင် ဘုရားရဲ့ရန်သူ
] ရှာတော့နိဗ္ဗာန် - ရောက်ပြန်ငရဲ - လူဖြစ်ခဲ၏
] အယူရှိတော့ အပူမိ
] အစွဲမကျွတ် - ငရဲမလွတ်
No comments:
Post a Comment